ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ
ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။
ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် မိခင်နှင့်အတူအိပ်ပြီးအိပ်ရာထဲ၌သေးပေါက်လေ့ရှိပါသည်။ ထိုညတွင်ကား ဖခင်နှင့်အတူအိပ်ပြီးဆီသွားလို သဖြင့်နိုးလာကာ “ဖေဖေ..သေးပေါက်ချင်တယ်...“ ဟုပြောရာ ဖခင်က “ထပေါက်“ဟုပြန်ပြောပါသသည်.. ထိုညမှစပြီး ကျွန်တော်သည် အိပ်ရာထဲတွင် သေးမပေါက်တော့ပါ။ ။
မိုးလင်းသောအခါ ဘန်းကြီးထဲ၌သိပ်ထားသော ညီကလေးကို မြင်သဖြင့် ကိုင်ကြည့်မည်ပြုရာ အစ်ကိုကြီး ( ဦးဘ၀င်း) က“ ဟေ့..မကိုင်နဲ့ လက်ပြတ်တယ်“ ဟုပြောသဖြင့် မကိုင်ဘဲ ကျွန်တော်လက်ကိုပြန်ဆုတ်လိုက်ပါသည်။ အစ်ကိုကြီးကား ဟက်ဟက် ပက်ပက် ရယ်ပစ်လိုက်ပါသည်.။ သို့တစေလည်း ကျွန်တော်သသည် ညီကလေးကို မကိုင်ရဲပဲ ဘေးမှ လှည့်ပတ်ကြည့်ရုံသာ ကြည့်ဝံ့ပါသည်။ ။
ညီကလေး တစ်နှစ်ကျော် အရွယ်ရောက်လာသောအခါ နာမည်ပေးရန်စဉ်းစားကြပါသည်။ကျွန်တော်က “ကျုပ်က အောင်သန်းဆိုတော့ သူက အောင်ဆန်းပေါ့ဗျာ“ ဟု ပြောလိုက်ရာ အားလုံးက လက်ခံကြပါသည်။ “ထိန်လင်း“ ဆိုသောနာမည်သည် ဇာတာထဲက နာမည်သာဖြစ်ပါသည်။ “အောင်ဆန်း“ ဟုသာ လူသိများပါသည်။။
ကျွန်တော်နှင့် အောင်ဆန်းမွှေးသော အိမ်ကြီးသည် မရှိတော့ပါ ။ ယခု နတ်မောက် မြို့သည် အောင်ဆန်းမွှေးပြီးနောက် နှစ်နှစ်လောက်နေမှ ပြောင်းရွှေ့နေထိုင်သော အိမ်ဖြစ်ပါသည်။
ကျွန်တော်တို့ ဘေး ဦးရွှေနီသည် နတ်မောက်မြို့ သူကြီးဖြစ်ပြီး အဖိုး ဟုရေးသားပြောဆိုနေသော “ ဦးမင်ရောင်“ခေါ် “ရွှေလှရောင်“ သည် ဘေးမကြီး မယ်စိုး၏တူ အဖွား“မယ်သူဇာ“၏မောင်တ၀မ်းကွဲဖြစ်ပါသည်။ ကျွန်တော်တို့ ဘေး ဘီ ဘင် များသည် အလောင်းမင်းတရားကြီး၏ “ရဲဘော်ခြောက်ကျိပ်ရှစ်“ အပါအ၀င် ပင်းမင်းကြီး “ဦးမြ( ဦးမြတ်)“ မှ ဆင်းသက်ကြသည်ဟု လူကြီးသူမများပြောသံကြားဖူးပါသည်။
အောင်ဆန်း သည် နာမည်နှင့်လိုက်အောင် “ဆန်း“ သူဖြစ်ပါသည်။အမေးအမြန်းထူပြီး လူကြီး များပြန်မဖြေနိုင်အောင်မေးတတ်ပါသည်။ဥပမာ မိုးတွင်း ဆောင်းတွင်း ရှိပြီး ဘာလို့ နွေတွင်း မရှိတာလဲဟုမေးရာ လူကြီးများ မဖြေနိုင်ပဲ ရယ်နေကြရပါသည်။ “ညီအစ်ကို ၀မ်းကွဲ ရှိပြီး ဘာလို့ လင်မယားတ၀မ်းမရှိသလဲ“ ဟုမေးသောအခါတွင်လည်း လူကြီးများမှာ ပြန်မဖြေနိုင်ပဲ ရယ်ပဲနေကြရပါသည်။ အမေးအမြန်းထူသလောက် အောင်ဆန်း သည် စဉ်းစားတွေးတောငေးမောတတ်ပါသည်။
အငယ်ဆုံးဖြစ်သည့်တိုင် မိဘများသာမက အစ်ကို အစ်မ များကပါ အလိုလိုက်ကြသည်ဖြစ်ရာ အောင်ဆန်းသည် ကလေး ဆိုးကြီးကဲ့သို့ဖြစ်နေပါသည်။ ။ လိုချင်သည် ကို မရမနေ ငိုရို တောင်းတတ်ပါသည် ။ ရလည်း ရပါသည်။ ကြီးလာသည့်အခါ မိမိပြောလိုရာ ဇွတ်ပြောတတ်ခြင်း လုပ်လိုရာ ဇွတ်လုပ်တတ်ခြင်းတို့သည် ငယ်စဉ်က အလိုလိုက်ခံလို့ ထင်ပါသည်။
(( မှတ်ချက်။ ။ ။ ။ တချိန်က မိတ်ဆွေတစ်ယောက်က “ကျွန်တော်တို့ ဗိုလ်ချုပ်နှင့် သုံးသပ်ကြည့်ကြသည်။ ဗိုလ်ချုပ်သည် မိမိပြောလိုရာ လုပ်လိုရာ ဇွတ်ပြောဆို လုပ်ကိုင်ခြင်းသည် ငယ်ငယ်ရွယ်၇ွယ်နှင့်အာဏာ ရလို့“ ဟု သုံးသပ်ကြသည်။ စိတ်ဘက်ဆိုင်ရာ ပါရဂူများရဲ့ အဆိုအရာ လူတစ်ယောက်ဟာ ငယ်စဉ်ကဆိုးသော မိဘများ၏ နှိပ်စက်ခြင်းသော်၎င်း အခြားသူများ၏ နှိပ်စက်ခြင်းသော်၎င်း ခံရပါက ကြီးလာသောအခါ မယုံသင်္ကာဖြစ်တတ်ခြင်း ကြောက်ရွ့တတ်ခြင်းဖြစ်တတ်ပါသည်။ထိုသူတွင် အရူံးပေးတတ်သော စိတ်ဝင်နေတတ်သည်။။မိမိနိုင့်လှည့်ကြုံလာပါကလည်း ရက်ရက်စက်စက် ပြုကျင့်တတ်သည်။ ငယ်စဉ်က အလိုလိုက်ခံရသော လူမျိုးသည် မိမိလုပ်ချင်သည့် အတိုင်းလုပ်တတ်သည်။ တနည်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မူများတတ်သည် ။ရန်သူကို အထင်သေးပြီး နောက်ဆုံးမိမိပင် ခံရတတ်သည်။))
အလိုလိုက်ခံရသော်လည်း အောင်ဆန်းတွင် မတရားလုပ်လိုသောစိတ်မရှိပါ။အောင်ဆန်းသည် အလွန်ရိုးသားပြီး စားချင်လျှင် စားချင်သည် လိုချင်လျှင်လည်း လိုချင်သည် ကြောက်လျှင် ကြောက်သည် စသည်ဖြင့်ပွင့်လင်းစွာ ၀န်ခံတတ်သည်။ မည်သည့်အခါမှ လိမ်မပြောတတ်ပေ။
ကျွန်တော်တို့ ငယ်စဉ်က နတ်မောက် ဆွမ်းကြီးလောင်း အသင်းက ကြီးမူး၌“ ၀ါတွင်း တွင် အပတ်စဉ် အိုးစည် ဗုံမောင်းဖြင့် ဆွမ်းခံထွက်ပါသည်။ လူတစ်ယောက်က ဖိုးသူတော် အရုပ်ထဲဝင်ပြီးကပါသည် ။ထိုအရုပ်အားအောင်ဆန်း အလွန်ကြောက်ပါသည်။ အရုပ်ကို ကြောက်ရကောင်းလားဟု ဖခင်က ဆူပူသောအခါ “ ဖင်ခေါင်းထဲသွင်းထားဘယ်နဲ့ လုပ်မလဲဗျ“ ဟုပြန်ဖြေပါသည်။ခေါင်းတုန်တုန် လည်တုန်တုန်ဖြစ်နေသော မယ်ရွှေမယ် ဆိုသည့်အမယ်ကြီုးကိုလည်း သူကြောက်သဖြင့် ကြောက်ကြောင်းကိုလည်း ၀န်ခံပါသည်။ ညအိပ်လျှင် မိခင်ကို ဖက်အိပ်လေ့ရှိပြီး မိခင်ကိုလည်း သူ့ဘက်ကို အမြဲ လှည့်အိပ်စေချင်သည်။
အိမ်နားက ကာကာဆိုင်ကိုလည်း မသွားရဲပါ။ တစ်နေ့ တွင်ကာကာဆိုင်သို့သွားပြီး ဘီ-ဒီဆေးလိပ်များဝယ်ပြီးလျှင် ချိုးကြည့်ပါသည်. မိခင်သိသောအခါ ကလေးအားဆေးလိပ်ရောင်းလိုက်သော ဆိုင်ရှင်အား သွားရောက်ရန်တွေ့သဖြင့် ဆိုင်ရှင်က တောင်းပန်ကာ “ ဆောင်ဆန်း ဘက်လှည့်ပြီး နောက်တစ်ခါလာရင် ဘန်ဘူးပေးမယ်ဟု ” ပြောလိုက်ရာ အောင်ဆန်းက ဘန်ဘူးဆိုတာ ဘာလဲဟု မိခင်ကိုမေးရာ မိခင်က “ ဘန်ဘူး ဆိုတာ ရိုက်မယ်လို့ပြောတာ” ဟုပြောလိုက်ရာ အောင်ဆန်းသည် ထိုနေ့မှ စပြီး ကာကာဆိုင်သို့မသွားတော့ပေ။
နေမကောင်းလျှင် ပိုက်ဆံပေးမှ ဆေးသောက်မည်ဟု အကြပ်ကိုင်တတ်သဖြင့် အောင်ဆန်း သည် နေမကောင်းတိုင်း မိခင်ထံမှ ငွေ ဒင်္ဂါးသုံးလေးဆယ်ရပါသည်။( ထိုခေတ်က ငွေစက္ကူ ပေါ်ဟန်မတူသေးပါ။)
နတ်မောက်ရှိ တစ်ဆိုင်တည်း ရှိသော ကာကာဆိုင်သို့မသွားရဲ့သဖြင့် သူလိုချင်သည်များကို ကျွန်တော်က ၀ယ်ပေးရပါသည်။ ကျွန်တော်လိုချင်သည်များကို လည်း သူ့ပိုက်ဆံဖြင့် ၀ယ်ခွင့်ပေးပါသည်။ ညီ အစ်ကိုချင်းရန်ဖြစ်သည့်အခါ သူ့ပိုက်ဆံများကို ပြန်တောင်းတတ်ပါသည်။ မိခင် က “နင်အစက ဘာလို့ပေးလဲ” ဟုမေးသောအခါ ” အိုသူက ညီအစ်ကိုချင်းပဲကွာ ဘာညာနဲ့တောင်းတာကိုဗျ” ဟုပြန်ဖြေသဖြင့် အားလုံးရယ်ကြရပါသည်။ အောင်ဆန်းသည် မည်သည့်အခါမှ လုပ်ကြံ လည်ဆယ်ပြီး မပြောတတ်ပါ။ ပေးခဲ့လျှင် ပေးခဲ့သည် လုပ်ခဲ့လျှင်လုပ်ခဲ့သည် ဟုပွင့်ပွင့်လင်းလင်း ၀န်ခံတတ်သည်။
ကျွန်တော်တို့ မိခင်သည် အလွန်ပညာလိုလားရကား ကျွန်တော်တို့ ငါးနှစ်ခြောက်နှစ် အရွယ်ရောက်လျှင် ကျောင်းထားပါသည်။ အောင်ဆန်း သည်ကျောင်းနေရာမှာ ကြောက်သဖြင့် “ အမေနေမှ နေမယ်”ဟုမိခင်ကိုပြောပါသည်။ အထွေးဆုံးသား ကလေးကို အလွန်ချစ်သောမိခင်ကလည်း အောင်ဆန်းကို ကျောင်းမပို့ရက်ပဲ ခွင့်လွတ်ထားပါသည်။
ကျွန်တော် ၁၁နှစ်သားအရွယ်ရောက်သောအခါ ရှင်ပြုပြီး ကိုရင်ဝတ်ပေးပါသည်။ ၇နှစ်ကျော်ပြီ ဖြစ်သောအောင်ဆန်းသည် ကျောင်းမနေသေးသော်လည်း ကျွန်တော်ထံနေ့စဉ် လာပါသည်။ ထိုသို့လာရင်းကိုရင် ၀တ်ချင်စိတ်ပေါက်လာသဖြင့် မိခင်ကို ပူဆာရာ အခွင့်ကောင်းကိုစောင့်နေသောမိခင်က “ ကိုရင်ဝတ်တာလွယ်တာမဟုတ်ဘူး စာတတ်မှ ၀တ်ရတာ မင်းလိုစာမတတ်တဲ့သူက ကိုရင်ဝတ်လို့ ဘယ်ဖြစ်မလဲ” ဟု ဆွပေးလိုက်ပါသည်။ “ ဒီလိုလား ဒီလိုဆို ကျောင်းနေမယ်” ဟုပြောပြီး အောင်ဆန်းသည် ထိုအချိန်မှစပြီး ကျောင်းနေပါတော့သည်။
(( မှတ်ချက်။ ။ ၁၉၃၂- ၃၃ ခု ကောလိပ်ကျောင်း ရောက်စ ပထမ နှစ်တွင် အောင်ဆန်းသည် သင်္ကန်းဝတ်ပြီး အီတာလီယံ ဘန်းတော်ကြီး ဦးလောကနာထ နှင့် အတုလိုက်ကာ သာသနာပြုလိုစိတ်ရှိသဖြင့် မိခင်ကို ခွင့်တောင်းရာ မိခင်က မပေးသဖြင့် မလိုက်ဖြစ်ခဲ့ပေ။))
ထိုသို့ဖြင့် အောင်ဆန်းသည် နတ်မောက်ရှိ ဒီပင်္ကရာကျောင်းခေါ် ဦးသောဘိတ ကျောင်းသားဖြစ်လာပါသည်။
ဦးသောဘိတ ကျောင်းသည် ဘုန်းတော်ကြီးကျောင်းဖြစ်သော်လည်း အတန်းကျောင်းဖြစ်ပါသည်။ထိုခေတ်က ထိုကျောင်းမျိုးကို “ လောကဓါတ်ကျောင်း” ဟုခေါ်သည်။ ရှေးစာသက်သက်သင်သည့် ဘုန်းကြီးကျောင်းနဲ့ခြားနားစေရန်အတွက် ထိုသို့ခေါ်ခြင်းဖြစ်ပါသည်။ လက်ထောက်ဆရာများသည် လူဝတ်များဖြစ်ကြပြီး ထိုခေတ်က လစာမရကြပဲ နှစ်ကုန်မှ ဆုကြေး သာရကြပါသည်။ ပညာရေး ကျောင်းမှ ပညာအုပ်တစ်ယောက်လာပြီး စာမေးပွဲစစ်ခါ အတန်းတင်ချင်းများ အတန်းချချင်းများ ပြုလုပ်ပေးပါသည်။ ဘုန်းတော်ကြီးများ ဆရာများက အတန်းတင်ပေးခြင်း အတန်းချခြင်းပြုလုပ်လို့မရပါ။
အောင်ဆန်း သည် ကျောင်းနေသည့် အချိန်မှစပြီး အတန်းထဲတွင် အမြဲ ပထမ ရပါသည်။ ဆရာများနှင့်တကွ ဘုန်းတော်ကြီးများကို ချစ်ကြောက်ရိုသေခြင်း တာဝန်သိတတ်ခြင်း စည်းကမ်း သေ၀ပ်ခြင်း လုံလ၀ိရိယ ရှိခြင်းများသည် အောင်ဆန်း ၏ ဗီဇ ပင်ဖြစ်ပါသည်။
ထိုဗီဇ ကို မိဘများထံမှ ရသည် ဟု ဆိုချင်က ဆိုနိုင်ပါသည်။ မိဘများမှာ အလွန်ရိုသားသူများဖြစ်ပြီး မတရားလုပ်ဖို့ ဝေးစွ မတရားလုပ်သည်ဟု အထင်ခံရမည်ကိုပဲ ကြောက်ကြပါသည်။ စိတ်နေသဘောထား အားဖြင့် အောင်ဆန်း သည် ဖခင်နှင့်ပိုပြီး တူပါသည်။ဖခင်သည် ရှားမှ ရှားသော လူရိုးတစ်ယောက်ဖြစ်ပါသည်။ မည်သူ့ကိုမှ ရန်မမူ မည်သူကမှလည်း သူ့ကိုရန်မူမည်ဟု ထင်ထားသူမဟုတ်ပါ။ အိမ်တွင်၎င်း လမ်းသွားရာတွင်၎င်း မိမိကိုယ်ကို ကာကွယ်ဖို့ မည့်သည့်လက်နက်မှ ကိုက်ဆောင်လေ့မရှိပါ။ မှတ်မိသလောက် မည်သူနှင့်မျှ ရန်မဖြစ်ပါ။
မှတ်မိပါသေးသည်။ ။ ပထမ ကမ္ဘာစစ်ကြီး( ၁၉၁၄-၁၉၁၈)အတွင်းက ကျွန်တော်တို့ ဖခင်သည် စစ်သည်တော်များသက်သာချောင်ချိေ၇းအဖွဲ့တွင် ငွေထိန်းအဖြစ်ဆောင်ရွက်ရပါသည်။ တနေ့တွင် လူတစ်ယောက်သည် ( နာမည်မှတ်မိသော်လည်း ၄င်း၏ အဆက် အနွယ်များအား ငဲ့ညှာသောအားဖြင့်နာမည်မဖော်ပြတော့ပါ။)အတွင်းရေးမူးလက်မှတ် အတုဖြင့် ငွေလိမ်ထုတ်ရာ ဖခင်က ထုတ်မပေးပဲ ငြင်းဆိုလိုက်သည်။ ထိုသူသည် ရှက်လည်း ရှက် ဒေါသကဖြစ်ပြီး အရက်သောက်ကာ အိမ်ပေါ်သို့တာလာ ”ခင်ဗျားက စစ်ကြေးထိန်းရလို့မောက်မာတာလား” စသည်ဖြင့်ရန်စ စော်ကားပါတော့သည်။ ဖခင်သည် မိမိအိမ်ပေါ်တတ်ပြီး စော်ကားနေသူကို ဘာမျှမလုပ်ပါ။လှည့်ပြီးတော့တောင်မကြည့်ပါ။ဤမျှလောက် သည်းခံစိတ်မွှေးသူပင်ဖြစ်သည်။ ထက်သော အမေက နင်ဘာလုပါး ၀တာလဲဟု ကြိမ်းမောင်းကာ ဖိနပ်ဖြင့်ရိုက်မည် ပြုသဖြင့် အမူးသမားသည် ထိုင်ရှိခိုးတောင်းပန်သောကြောင့် သက်သာရာရသွားပါသည်။
မိခင်သည် မည်သည့်အခါ မှ အမူမဲ့ အမှတ်မဲ့နေတတ်သူမဟုတ်ပါ။ ခရီးသွားရာတွင် နှုတ်က သမ္ဗုဒ္ဓေ ရွတ်လျှက် လက်က ဓါးကိုင်ထားလေ့ရှိပါသည်။
အောင်ဆန်းသည် ဖခင်ကဲ့သို့ မမူမဲ့ အမှတ်မဲ့နေတတ်သူဖြစ်ပါသည် ။ ငယ်ကစဉ်အခါကတပါးသူ ရိုက်နှက်ခြင်းကို ခံရပြီး ကြီးလာသောအခါ ငယ်ငယ်ရွယ်ရွယ်နှင့် ရေတိမ်တွင် နှစ်ရပါသည်။ မိခင်ကဲ့သို့ သတိ ၀ိရိယ ရှိပါမူ ရေတိမ်တွင် နှစ်ရမည်မဟုတ်ပါ။
ငယ်စဉ်အခါ က ဆိုင်းတီးနေသည်ကို စိတ်ဝင်စားစွာနားထောင်နေသော အောင်ဆန်းကို ကလေးငယ်တစ်ယောက်က ခဲဖြင့်ပေါက်ပြီးထွက်ပြေးရာ အောင်ဆန်း သည် နဖူးတွင်ဒဏ်ရာ ရဖူးပါသည်။ မှတ်မိပါသေးသည် တစ်နေ့တွင် “အေးမောင်” ဆိုသော အောင်ဆန်းထက်အနည်းငယ်ကြီးသောကောင်လေးက အောင်ဆန်း ကို ထိုးကြိတ်ရိုက်နှက်ပါသည်။ ကျွန်တော်သိသောအခါ ထိုကောင်လေးကို အခွင့်ကောင်းစောင့်ပြီး လက်သီးဖြင့် ထိုးကြိတ် ခြေထောက်နှင့်ရိုက်နှက်ကာ အတော်လေးနှံလိုက်ပါသည်။ ထိုကောင်လေးက “ တော်တော့ကွာ မင်းညီ ငါ့လောက်မနာဘူးဟု” ပြန်ပြောသံကို ယခုစာရေးနေရင်းကြားယောင်မိပါသဖြင့် ပြုံးမိ ပါသေးသည်။ အောင်ဆန်းက ငယ်စဉ်အခါမှ ကျဆုံး သည်အထိ မည်သူ့ကိုမှ မနှိပ်စက်လို မနှိပ်စက်ခဲ့၊ မိမိကိုယ်လည်းမည်သည်ကမှ နှိပ်စက်ရန်ရှာလိမ့်မည် ဟုမထင်ထားသူဖြစ်သည်။ “ လုပ်ရဲတာ သတ္တိ မဟုတ်ဘူး။ ခံရဲတာမှ သတ္တိပါ ”ဟု ကြီးလာသောအခါ မိမိနှင့် ရင်းနှီးသူများကို မကြာခဏပြောလေ့ရှိပါသည်။
ကျောင်းသားဘဝ
ရှေးခေတ်အခါက မြန်မာကျောင်း(Vernacular School) အင်္ဂလိပ်မြန်မာကျောင်း(Anglo-Vernacular School) အင်္ဂလိပ်ကျောင်း (English School) ဟူပြီးကျောင်းသုံးမျိုးရှိရာ နတ်မောက်ကျောင်းသည် မြန်မာကျောင်း ဖြစ်ပါသည်။“ အင်္ဂလိပ်ကျောင်းသည် ရန်ကုန် မန္တလေးကဲ့သို့သော မြို့ကြီးများတွင်ရှိပြီး အင်္ဂလိပ်မြန်မာကျောင်း” သည် မကွေး ရေနံချောင်း တောင်တွင်းကြီး ကဲ့သို့သော မြို့ကလေးများတွင်သာရှိပါသည်။ မြို့ပိုင် ရုံးစိုက်သော်လည်း ရွာကြီးမျှသာ ဖြစ်သော နတ်မောက်၌္ပ “မြန်မာကျောင်း” သာရှိပါသည်။
ကျွန်တော်တို့ ငယ်စဉ်က နတ်မောက်သည် ဆူးတပ်များကာရံထားသော ရွာကြီးဖြစ်ပြီး သင်္ဘောဆိပ်မြို့ဖြစ်သော မကွေးမြို့ နှင့်၃၆ မိုင်ဝေးသည်။ မီးရထားလမ်းလည်း မရှိသေးပါ။ကားလမ်းလည်းမရှိသေးပါ။ထို့ကြောင့် အောင်ဆန်းသည် ရင်းနှီးသော မိတ်ဆွေများအား “ကျုပ် ဂျင်ဂလီးဝါလား(တောသား)”ဟု ဂုဏ်ယူရယ်မောပြောဆိုလေ့ရှိပါသည်။
ခေတ်ပညာ(အင်္ဂလိပ်) စာသင်လိုလျှင် နတ်မောက်တွင် မသင်နိုင်ဘဲမြို့တစ်မြို့ သို့သွားရပါသည်။ ၁၃နှစ် ၁၄နှစ်သားအရွယ်ရှိပြီဖြစ်သော အောင်ဆန်းသည် မြန်မာစာ ၆ တန်းအောင်မြင်ပြီးနောက် အင်္ဂလိပ်စာ သင်လိုသောကြောင့် အစ်ကိုကြီး (ဘ၀င်း) နှင့် ကျွန်တော်တို့ ပညာရည်နို့သောက်ခဲ့သော ရေနံချောင်း နေရှင်နယ်ကျောင်းသို့ သူ့ကိုပို့ရန်ပူဆာပါသည်။ မိဘများ အစ်ကို အစ်မ များက ကလေးဟု ယူဆ ထားသောသူ့ကို တမြို့တနယ်သို့ ခွဲပို့ထားရန် သဘောမတုပါ။အထူး သဖြင့် မိခင် သည် အထွေးဆုံးသားလေးကို ချစ်သောကြောင့် မခွဲလိုပေ။ လုပ်လိုရာ မဖြစ်နေလုပ်လိုတတ်သော ဗီဇ ရှိသည့် အောင်ဆန်းသည် ငိုယိုပူဆာ ယုံမက “ရေနံချောင်း ကျောင်းကို မပို့လျှင် ထမင်းမစားဟု ကြော်ငြာက ထမင်းမစားပဲနေပါသည်။တနည်းအားဖြင့် အစာအငတ်ခံကာ တိုက်ပွဲဝင်ပါတော့သည်။ သူ၏စိတ်ဓါတ် ကိုသိသောမိဘများသည် နောက်ဆုံးတွင် သူ၏လိုလားချက်ကို လိုက်လျှောပြီး ရေနံချောင်း ကျောင်းကို ပို့လိုက်ပါသည်။ဤသို့ဖြင့် အောင်ဆန်းသည် ၁၉၂၈ တွင် ရေနံချောင်း နေရှင်နယ်ကျောင်းသားဖြစ်လာပါသည်။
ယခုခေတ် လူငယ်များသိမည် မဟုတ်သောကြောင့် နေရှင်နယ်ကျောင်းအကြောင်းကို အနည်းငယ်ရှင်းပြလိုပါသည်။၁၉၂၀ပြည့်နှစ် မတိုင်မီက နေရှင်နယ်ကျောင်းများမရှိသေးပါ။အစိုးရက တိုက်ရိုက် အုပ်ချုပ်သော အစိုးရကျောင်းများနှင့် ခရစ်ယာန် သာသနာပြုကျောင်းများသာရှိပါသည်။ ဗုဒ္ဓဘာသာဝင်များ ကြီးမူးဖွင့်လှစ်သောကျောင်းများလည်း အနည်းငယ်ရှိပါသည်။
၁၉၂၀ပြည့်နှစ် မတိုင်မီက မြန်မာပြည်တွင် တက္ကသိုလ် ဟုမရှိပဲ “ရန်ကုန်ကောလိပ်နှင့် အမေရိကန် သာသနာပြု ဆရာကြီး ဂျပ်ဆင်(Judson)ကို အစွဲပြုပြီးဖွင့်လှစ်ထားသော(ဂျပ်ဆင် ကောလိပ်)”ဟူပြီး ကောလိပ်ကျောင်းနှစ်ကျောင်းသာရှိပါသည်။((အချို့စာအုပ်များတွင် ဆရာကြီး ဂျပ်ဆင် ကို ဆရာယုဒသန်ဟု၎င်း ဂျပ်ဆင်ကောလိပ်ကို ယုဒသန်ကောလိပ်ဟူလည်း ရေးသားကြပါသည်)) ထိုကောလိပ်ကျောင်းများသည် ဘင်္ဂလားပြည်နယ် ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံများဖြစ်ရာ ထိုတက္ကသိုလ်များကြီးမူးပြီး စာမေးပွဲများစစ်ခြင်း ဘွဲ့များပေးခြင်းပြုလုပ်ပါသည်။
၁၉၂၀ပြည့်နှစ်ဝယ် “ရန်ကုန်တက္ကသိုလ် ” ကိုသီးခြားဖွင့်လှစ်ရန် ရည်ရွယ်လျှက် ဗြိတိသျှ ဘရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် (Sir Reginald Craddock) ကြီးမူးပြီး “ရန်ကုန် တက္ကသိုလ် အက်ဥပဒေ” တရပ်ကို ရေးဆွဲပါသည်။ ဗြိတိသျှ ဘုရင်ခံ၏ ရည်၇ွယ်ချက်မှာ မြန်မာပြည်ကို အမှန်တကယ် ပညာတတ်စေဖို့မဟုတ်ပဲ သူတို့တိုင်းပြည် အုပ်ချုပ်ရာတွင် အကူအညီ ရစေရုံလောက်သာ ပညာသင်ပေးရန်ဖြစ်ပါသည်။တနည်းအားဖြင့် ကိုလိုနီနယ်ချဲ့သမားများပီပီ လက်အောက်ခံလူမျိုးများအား ကိုလိုနီစနစ်အတွက် အထောက်အကူဖြစ်စေမည့် ပညာရေးမျိုးသာပေးလိုသည်။ တက္ကသိုလ် ပညာကို လူမြောက်များစွာ မတတ်မြောက်စေလိုပဲ လက်တစ်ဆုပ်စာသာရှိသော အရာရှိ၏ သားသမီးများနှင့် ဓနရှင် မြေရှင်တို့၏ သားသမီးများသာတတ်မြောက်စေပါသည် ။ ယင်းသို့အတွက် သာမန်လူများ တက္ကသိုလ် ပညာမသင် ရအောင် “တက္ကသိုလ် အက်ဥပဒေ” ကိုရေးဆွဲပါသည်။
၁၉၂၀ ဒီဇင်ဘာတွင် ထို ဥပဒေ ကို ကန့်ကွက်သောအားဖြင့် ကော်လိပ်ကျောင်းသားကြီးများက ဦးဆောင်ပြီး သပိတ်မှောက်ကြပါသည်(ထိုအချိန်မှစပြီး မြန်မာ နိုင်ငံတွင် သပိတ်မှောက် ပွဲများစတင်လာခြင်းဖြစ်တန်ပါသည်။)ကောလိပ်ကျောင်းသားများ၏ နမူနာကိုယူပြီး တခြားကျောင်းသားများ သည်လည်း မိမိတို့ကျောင်းကို သပိတ်မှောက် လိုက်ကြသည်။
ယနေ့နှစ်စဉ်ကျင်းပနေသော “အမျိုးသားနေ့” သည်ထိုကျောင်းသား သပိတ်ကို အစွဲပြု ကျင်းပခြင်းဖြစ်ပါသည်။((ထိုနေ့မှ စတင်ပြီး “အမျိုးသားနေ့” ပေါ်ပေါက်လာခြင်း))
ကျောင်းသား သပိတ်ဖြစ်ပေါ်လာပြီးနောက် ကျောင်းသားခလေးငယ်များ ပညာသင်မပျက်စေရန် သပိတ်မှောက်ကျောင်းသားကြီးများနှင့် မျိုးချစ်ဇာနည်များ ဦးစီးသော “ အမျိုးသား ပညာရေးကောင်စီ”( Council of National Education )ဖွဲ့ပြီး ကျောင်းများဖွင့်လှစ်ပညာသင်စေပါသည်။
ထိုကျောင်းများကို အမျိုးသားကျောင်း (၀ါ) နေရှင်နယ် ကျောင်းများဟုခေါ်ကြပါသည်။အမ်အေဦးမောင်ကြီး(ယခုဆာမောင်ကြီး) ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဒီးဒုတ် ဦးဘချို စသည့် ဇာနည်များက ဦးစီးကာနေရှင်နယ်ကျောင်းတစ်ကျောင်းကိုလည်း တည်ထောင်ခဲ့ပါသည်။ ထိုကျောင်းသည်လည်း သက်ဆိုး မရှည်ခဲ့ပါ။
နေရှင်နယ်ကျောင်း၏ ကျေးဇူးကြောင့် ကျောင်းသားအရွယ် လူမမယ်လေးများ ပညာသင်မပျက်ရုံသာမက မျိုးချစ် စိတ်ဓါတ်ပါ နိုးကြားလာသည်။နောင်တစ်ချိန် ကျောင်းသားအရေးတော်ပုံများတွင် ၄င်း နိုင်ငံရေးတွင်၎င်း ခေါင်းဆောင်ဖြစ်လာသူများသည် များသောအားဖြင့် နေရှင်နယ် ကျောင်းထွက်များဖြစ်ကြပါသည်။ တိုင်းပြည် လွတ်လပ်ရေးကို အရေးကြီးသာအခန်းမှ ပါဝင်ခဲ့ကြသောသူများမှာ နေရှင်နယ် ကျောင်းသားများ ဖြစ်ကြသည်ကို မည်သူမျှ မငြင်းနိုင်ပါ။
ရေနံချောင်းကျောင်းတွင် အောင်ဆန်းသည် ၇တန်းအောင်မြင်သည်။ အတန်းတိုင်းတွင်လည်း ပထမ ရသည်။၁၉၃၀ပြည့်နှစ် ၇တန်းစာမေးပွဲတွင် စကောလားရှစ်ရပြီး “ဦးရွှေခို” ဆု ကိုလည်းရပါသည်။တစ်လလျှင် ငွေ တစ်ဆယ် ကျပ်ဖြင့် သုံးနှစ်ဆက်တိုက် ချီးမြှင့်ခြင်းခံရပါသည်။၁၀ တန်းအောင်သဖြင့် စကောလားရှစ်ဆုငွေကို တက္ကသိုလ် ပထမနှစ်အထိရခဲ့ပါသည်။ ရေနံချောင်း နေရှင်နယ်ကျောင်းသားများသည် လက်ရေးစာစောင်ဖြစ်သော “ကျောင်းသား စာစောင်” တစ်ခုထုတ်ရာ အောင်ဆန်းသည် အယ်ဒီတာ အဖြစ်ဆောင်ရွက်ပါသည်။
အောင်ဆန်း ၏ ဆန်း ပုံကို နေရှင်နယ် ကျောင်းသားဘ၀ တွင်လည်း တွေ့ရပါသည်။၁၉၃၁ နွေရာသီကျောင်းပိတ်ရက်အတွင်း မေလ ၁၈ ရက်နေ့တွင် ကျွန်တော်တို့ဖခင် နှစ်လ မျှ နာမကျန်းဖြစ်ပြီးကွယ်လွန်သွားပါသည်။ ကျောင်းပိတ်ရက်အတွင်း အိမ်ပြန်သောအောင်ဆန်းနှင့် အကိုကြီး (ဘ၀င်း) တို့သည် ဖခင်အလောင်းကို သဂြိုဟ် ပြီးနောက်မှ ရေနံချောင်းကျောင်းကိုပြန်နိုင်ပါသည်။ ကျောင်းပြန်နောက်ကျသော အောင်ဆန်းကို ဆရာတစ်ယောက်က“ မင်းတို့ဘာလို့နောက်ကျနေသလဲ” ဟုမေးရာ အောင်ဆန်းက “အဖေမမာလို့”ဟု ပြန်ဖြေပါသည်။ဆရာက အခု “မာသွားပြီလား” ဟုဆက်မေးရာ အောင်ဆန်းက “ဆုံးပြီ” ဟု အောင်ဆန်းက ပြန်ဖြေပါသည်။ထိုအကြောင်းကို ဆရာက ကျွန်တော်တို့ကို ပြန်ပြောသောအခါ ရယ်ကြရပါသေးသည်။
သို့သော် ယနေ့ စဉ်းစားကြည့်သောအခါ အောင်ဆန်း ၏ အဖြေမှာ အလွန်တိကျ လွန်းသည်ကို တွေ့ပါသည်။သူဖြေသည့်အတိုင်း ကျောင်းနောက်ကျနေခြင်းမှာ ဖခင်ဆုံးလို့မဟုတ်ပဲ မမာသော ဖခင် ကိုပြုစု နေရသောကြောင့်ဖြစ်ပြီး သေပြီးနောက် အလောင်း သဂြိုဟ် ရုံမှ တစ်ပါးလုပ်စရာမရှိပေ။ ထိုအချိန် တွင် အောင်ဆန်းသည် အသက် ၁၆ ၊၁၇ သာရှိသေးသောလည်း သူကျောင်းပြန်နောက်ကျရခြင်းအကြောင်းကို ရှင်းလင်းပြတ်သားစွာမြင်နိုင်သည်။ နောက်ပိုင်းတွင် သူ၏လုပ်ဆောင်ပုံများ အောင်မြင်ခြင်းသည် ပြသာနာတစ်ရပ်ကို ရှင်းရှင်းပြတ်ပြတ် ထိုးထွင်းသိမြင်တတ်သော အရည်အချင်းကြောင့်ဆိုလျှင် မှားမည်မဟုတ်သလို ငြင်းမည့်သူရှိမည်မဟုတ်ပေ။
ရန်ကုန်တက္ကသိုလ် ကျောင်းသား အောင်ဆန်း
၁၉၃၂ တွင် အောင်ဆန်း သည် အင်္ဂလိပ်မြန်မာ ဆယ်တန်းကို မြန်မာစာနှင့် ပါဠိ ဘာသာတို့ဖြင့် အောင်မြင်သည်။ ထို့ကြောင့် အောင်ဆန်း သည် ရန်ကုန်တက္ကသိုလ် သို့ရောက်လာပါသည်။ ထိုခေတ်က တက္ကသိုလ် ကျောင်းသာများ သည် အများအားဖြင့် အထက်တန်းလွာ နှင့် အလယ်တန်းလွှာမှ လာကြသူများဖြစ်သဖြင့် အလွန်း ရှိုး ထုတ်ကြသည်။ ကောင်းပေ့ ဆိုသော အ၀တ်အစားများကို ဂုဏ်တု ဂုဏ်ပြိုင် ၀တ်ဆင်ကြသည်။ ၄င်းတို့ အထဲ တွင် အောင်ဆန်းသည် တမူထူးခြားနေသည်။
အခြားကျောင်းသားများ စတိုင်လ် ထုတ်သလောက် (၀ါ) ဂိုက်ပေး သလောက် အောင်ဆန်း သည် အ၀တ်အစား အနေအထိုင်ကို ဂရုမစိုက်ပဲ ဖြစ်သလိုနေပါသည်။ တခြားကျောင်းသားများ ဘိုကေ ပြောင်နေအောင် ဖီးသလောက် အောင်ဆန်းသည် အမြဲ ဆံပင် စုတ်ဖွားနှင့် နေတတ်ပါသည်။တခြားကျောင်းသားများ ပိုး၊ ဖဲ၊ ကတ္တီပါ ၊ ဘန်ကောက် စသော အကောင်းစား အ၀တ်များကို ၀တ်ထားသော်လည်း အောင်ဆန်းသည် မန္တလေး လုံချည် တစ်ပတ်နွမ်း ၊ပင်နီတိုက်ပုံအင်္ကျီတစ်ခါ တစ်ရံ သက္ကလ အင်္ကျီ တပတ်နွမ်းတို့ကိုသာ ၀တ်လေ့ရှိပါသည်။တခြားကျောင်းသားများသည် မိမိ တို့အခန်းကို သန့်ရှင်းအောင် နေတတ်သလောက် အောင်ဆန်း၏ အခန်းသည် စာအုပ်များ အင်္ကျီလုံချည်များ ပြန့်ကျဲလျှက် ရှိတတ်သည်။ အိပ်ယာကိုလည်း မည်သည့် အခါမှ မသိမ်းပဲ ခြင်ထောင်ကိုလည်း အမြဲ ထောင်ထားတတ်သည်။
သပ်သပ်ရပ်ရပ် ၀တ်သော ကျောင်းသားများက နှားခေါင်း ရှုံ့စေကာမူ အောင်ဆန်းက နေမြဲအတိုင်း ၀တ်မြဲအတိုင်းနေပါသည်။တခြားကျောင်းသားများက နုတ်ဆက်စေကာမူ အောင်ဆန်းက ပြန်ပြီး နုတ်ဆက်ချင်မှ နုတ်ဆက်သည် ။ ပတ်ဝန်းကျင်ကို လုံးဝ ဂရုမစိုက်ပေ။ ထိုကြောင့် ကျောင်းသား ကျောင်းသူများက သူ့အား လူ့ဂွစာ ဟု ခေါ်ကြသည်။
ထိုမျှ ဂွကျသော်လည်း အောင်ဆန်းသည် စာဖတ်အလွန်ဝါသနာပါသည်။ စာဖတ်ရာတွင် ကျောင်းစာအုပ်များသာမက ပြင်မစာအုပ်များ(အထူးသဖြင့် နိုင်ငံရေးစာအုပ်များ) ကိုပါဖတ်လေ့ရှိသည်။ စာဖတ်ရာတွင်လည်း အခန်းနီးချင်းများ အနှောက်အယှက်ဖြစ်မည် မဖြစ်မည်ကို ဂရုမစိုက်ပဲ အော်ဖတ်လိုက အော်ဖတ်တတ်သည်။
အောင်ဆန်းသည် တခြားကျောင်းသားများ ပြန်ပြီးနုတ်မဆက်ခြင်း စာအော်ဖတ်လိုက ဖတ်ခြင်းတို့သည် တခြားကျောင်းသားများအား စော်ကားလိုသောမဟုတ်ပဲ စဉ်းစားလိုရာစဉ်းစားနေခြင်း ကြောင့်သာ ပတ်ဝန်းကျင်ကို မေ့လျှော့ နေခြင်းဖြစ်သည်။ထို့ကြောင့်ပင် တစ်ခါက အင်္ဂလိပ် ပါမောက္ခ မစ္စတာရို့ဒ်စ်(F.W.W.Rhodes)က ကျွန်တော့်အား “ မင်းညီက မိုးပေါ် ခဏခဏတတ်နေလို့ ငါက အောက်ပြန်ပြန်ချပေးနေရတယ်”လို့ ရယ်မောပြောဆိုဘူးပါသည်။
အောင်ဆန်းဘာတွေ စဉ်းစားနေပါသနည်း။ လူပျိုအပျို အရွယ် မိန်းခလေးတွေ အကြောင်းလား မဟုတ်ပါ။ အောင်ဆန်း စဉ်းစားနေသည်မှာ ကျွန်ဖြစ်နေသော အဖနိုင်ငံတော်ကို မည်သို့ကယ်တင်ရမည်နည်းဆိုသည့် အလွန်ကြီးကျယ်သောပြသာနာများကို စဉ်းစားနေကြောင်း သူ၏နောက်ပိုင်းလုပ်ရပ်များက သက်သေခံနေပါသည်။
အောင်ဆန်းသည် လောကွတ်လုပ်တတ်သူမဟုတ်ပါ။ စိတ်ထဲကမပါပဲ လောကွတ်စကားတွေပြောနေခြင်းဖြင့် အချိန်းဖြုန်းလိုသူမဟုတ်ပါ။
၁၉၄၇ ဇူလိုင် ၂၉ ရက်နေ့ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးတွင် “ ကြေကွဲဝမ်းနည်းကြောင်းအဆို” ကို တင်သွင်းရင်း ၀န်ကြီးချုပ်ဟောင်း ဦးနုက အောက်ပါအတိုင်းပြောကြားခဲ့သည်။
ကိုအောင်ဆန်းဟာ အများနဲ့မတူ ထူးခြားတဲ့အမူအယာကို စတွေ့ရတာပဲ ။ ဥပမာ တစ်ယောက်နဲ့ တစ်ယောက် စပြီး တွေ့ကြတယ်ဆိုရင် ဟက်ဟက်ပက်ပက် နုတ်ဆက်ကြတယ်။ သူတစ်ယောက်တည်းက ပဲ ဘာမှ မပြောပဲ ငုတ်တုတ်ထိုင်နေတယ်။ ဒီတော့... တော်တော်ထူးခြားတဲ့ လူပဲလို့ အောင်မေ့လိုက်တယ်။
အရင်တခါ တွေ့တဲ့ အကြောင်းကို အခြေပြုပြီး လမ်းမှာတွေ့လို့ နုတ်ဆက်ပြန်တော့လည်း ကိုအုန်းဖေ ၊ကျွန်တော်၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း တို့ကသာနုတ်ဆက်တယ်။ ကိုအောင်ဆန်းကတော့ နုတ်မဆက်ပဲ ရှောက်သွားချင် သွားနေလိုက်တယ်။ ရပ်ချင်ရပ်နေလိုက်တယ်။လှည့်တောင်မကြည့်ဘူး။ သူမပြောနေဆိုပြီး ကိုယ့်ဟာကို နေလိုက်ပေမဲ့ အပိုအလို မပါပဲ ပြောစရာရှိတာကို လာပြောလေ့ရှိတယ်..။ကျွန်တော်ကလည်း သူ့အကြောင်းမသိဘူး .တွေ့တာလည်း နောက်ကျ ရောက်တာလည်း နောက်ကျတော့ ကိုသိန်းဖေကို အဲဒီအကြောင်းပြောပြီး အောင်ဆန်း ဆိုတဲ့လူဟာ ဘယ်လိုလူစားလဲပေါ့ အဲလိုတွေးပြီး မှတ်ထားလိုက်ကြတယ်။
နောက် ၆လလောက်ကြာလို့ သူနဲ့ရင်းရင်းနှီးနှီးပေါင်းကြည့်အခါမှာ အောင်ဆန်းဆိုတာ လောကွတ်မလုပ်ဘူး အပိုအလုပ်ဆို ဘယ်တော့မှ မလုပ်ဘူး။ လောကွတ်ကို အယုံအကြည်မဲ့တယ် ။လောကွတ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ညာနေတာပဲလို့ သူကပြောတယ်။ တစ်ရောက်နဲ့ တစ်ယောက်ရင်းရင်းနှီးနှီး ပေါင်းမဲ့သူတွေဟာ လောကွတ်မလိုဘူး ပြောစရာရှိတာပြော ဆိုစရာရှိတာ ဆိုဖို့ ဆွေးနွေးစရာရှိတာ ဆွေးနွေးဖို့.. ဒါပဲ။
အဲလို သွားတွေ့တဲ့အခါမှာ ကိုအောင်ဆန်းဟာ ကပ်သီးကပ်သတ် လူ မဟုတ်ပဲ ၊ အတိအကျ ကိုလိုလားတဲ့ လူတစ်ယောက်ဆိုတာ တွေ့ရတာပဲ ”။
၁၉၃၂-၃၃ ကျောင်းဖွင့်စတွင် တက္ကသိုလ် သမဂ္ဂက ကြီးမူးလျှက် “ ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်” ဟုသောအဆိုတရပ်ကို အင်္ဂလိပ်ဘာသာဖြင့် စကားရည်လုပွဲ ကျင်းပပါသည်။
စကားရည်ပွဲ မလုပ်မီကပင် သည်ပြသာနာ နှင့်ပတ်သက်ပြီး ရန်ကုန်ဂေဇက်( The Rangoon Gazette) သတင်းစာတွင် အခြေအတင်းရေးသားကြပါသည်။ အကြောင်းအရာမှာ နိုင်ငံရေးဆန်နေရကား အပြင်မှ နိုင်ငံရေးသမားကြီးများလည်း ၀င်ရေးပါသည်။
ထိုအချိန်က နိုင်ငံရေးလောကတွင် အိန္ဒိယပြည် နှင့် မြန်မာပြည် ခွဲရေး တွဲရေး ပြသာနာ သည် ထိပ်တန်းရောက်နေသည်။
ဗြိတိသျှ တို့သည် မြန်မာပြည်ကို သုံးကြိမ် သုံးခါ (၁၈၂၄၊၁၈၅၂၊၁၈၈၅)တိုက်ခိုက် သိမ်းယူပြီး အိန္ဒိယ ပြည်တွင် ထည့်သွင်းထားကြပါသည်။ အုပ်ချုပ်ေ၇းကို မင်းကြီးချုပ်နောက်ပိုင်းတွင် ဒုတိယ ဘုရင်ခံ ၊ထိုနောက် ဘုရင်ခံက ဆောင်ရွက်ပါသည်။ထိုသူများသည် အိန္ဒိယ ပြည်ရှိ ဘုရင်ခံချုပ်လက်အောက်ခံများဖြစ်ကြပါသည်။တနည်းအားဖြင့် မြန်မာပြည်သည် အိန္ဒိယပြည်၏ နယ် တစ်ခုသာဖြစ်ပြီး မြန်မာ အုပ်ချုပ်ရေးအကြီးအကဲများသည် အိန္ဒိယ ဘုရင်ခံချုပ်အမိန့်ကို နာခံကြရပါသည်။
မြန်မာပြည်နိုင်ငံေ၇းသမားများသည် အိန္ဒိယ ပြည်မှ ခွဲထွက်မှ အကျိုးရှိမည်ဟု ယူဆ သူများရှိသလို တွဲနေမှ ပိုကောင်းမည်ဟု ယူဆသူများရှိပါသည်။ အိန္ဒိယ ပြည်နှင့် တွဲရေး ခွဲရေး ပြသာနာ သည် မြန်မာနိုင်ငံ ရေးလောကတွင် ပဋိပက္ခ ဖြစ်နေပါသည်။ ခွဲရေးဘက်မှ ခေါင်းဆောင်များမှာ ဦးဘဖေဖြစ်ပြီး ၊ တွဲရေးဘက်မှ ပြသာနာ များမှာ ဦးချစ်လှိုင်၊ ဒေါက်တာဘမော် တို့ဖြစ်ပါသည်။ ( ဒေါက်တာဘမော်သည် ထိုအချိန်မှ စပြီးနိုင်ငံေ၇း လောကထဲသို့ ၀င်လာခြင်းဖြစ်ပါသည်။)
ပရိယာယ်အရာတွင် လွန်စွာပါးနပ် သော ဗြိတိသျှ အစိုးရသည် တွဲရေး ခွဲရေး ပြသာနာ ကို မိမိတို့ မဆုံးဖြတ်လို မြန်မာအမျိုးသားများသာ ဆုံဖြတ်ကြပါဟု အချင်းချင်း ရန်တိုက်ပေးပြီးခွဲ နေပါသည်။ထို့နောက် ရွှေးကောက်ပွဲ ကျင်းပရာ (၁၉၃၂)ပြီးပြီ တွဲရေး ထောက်ခံသော အမတ်လောင်းများ ပိုမို အရွှေးခံရသော်လည်း တိကျစွာ မဆုံးဖြတ် နိုင်ကြသဖြင့် ဗြိတိသျှ အစိုးရသည်( ၁၉၃၅ မြန်မာပြည် အုပ်ချုပ်ရေး အက်ဥပဒေအရ) ၁၉၃၇ ဧပြီလ ၁ ရက်နေ့တွင် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက်သည်။
ကျေးလက်လူထု အပေါ်တွင် လွန်စွာ သြဇာညောင်းသော ဘုန်းတော်ကြီးများ၏ အကူအညီကို ယူလိုသော နိုင်ငံရေး သမားများ( နိုင်ငံရေးတွင် ဘုန်းကြီးများကို ခုတုန်းလုပ်လိုသော နိုင်ငံရေးသမားများ အထူးသဖြင့် တွဲရေး သမားများ)သည် ဖော်ပြခဲ့သော ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့် ဟူသော စကားရည်လုပွဲတွင် များစွာစိတ်ဝင်စားကြသည်။ ထိုနေ့ည စကားရည်လုပွဲကို ကျောင်းသားများသာမက ပြင်ပ မှ နိုင်ငံရေးသမားကြီးများပါ တတ်ရောက်နားထောင်ကြသဖြင့် တက္ကသိုလ် ခန်းမကြီးတစ်ခုလုံး ပြည့်လျှံသွားပါသည်။
ကောလိပ် ရောက်စ အောင်ဆန်းသည် အဆိုကို ထောက်ခံပြီး ၀င်ရောက်ဆွေးနွေးပါသည်။
အင်္ဂလိပ်စကားကို ပိုင်နိုင်စွာ မပြောတတ်ရုံသာမက လူပုံမှာ ဂွကျကျ ဖြစ်နေသော အောင်ဆန်းကို ကျောင်းသားများရော နားထောင်သူများကပါ ၀ိုင်းပြီး အော်ဟစ်လှောင်ပြောင်ကြသော်လည်း အောင်ဆန်းသည် မိမိပြောလိုရာကို ပြောပြီးမှ ထိုင်ပါသည်။
ထိုအချိန်ကပင် အောင်ဆန်း သည် နိုင်ငံရေး တွင် စိတ်ဝင်းစားပြီး မိမိ ယုံကြည်ချက်ကို မကြောက်မရွံ့ဖော်ပြသူဖြစ်သည်။များစွာသော ကောလိပ်ကျောင်းသားများသည် ဘွဲ့ရရေး ကျောင်းမှ ထွက်လျှင် အလုပ်အကိုင် ကောင်းကောင်းရရေးကိုသာ ဦးစာပေးသော်လည်း အောင်ဆန်း သည်ကား နိုင်ငံရေးအတွက်ပြင်ဆင်နေပါတော့သည်။
အောင်သန်း ၏ အောင်ဆန်း စာအုပ်မှ ကူးယူဖေါ်ပြသည် ။